Home  / News  / News Details

新闻详情

ဘားအံမြို့တွင် Kawt Ma Yan Resort မကြာမီ ဖွင့်လှစ်မည်

Oct 24, 2026  /

 

ဘားအံမြို့တွင် Kawt Ma Yan Resort မကြာမီ ဖွင့်လှစ်မည်

အောက်တိုဘာ ၂၃ ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စိုက်ပျိုးရေးအတွေ့အကြုံနဲ့ အပန်းဖြေခရီးသွားလုပ်ငန်းကို ပေါင်းစပ်ထားတဲ့ Kawt Ma Yan Resort ကို မကြာမီ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

အပန်းဖြေစခန်း တည်ဆောက်ရေးလုပ်ငန်းတွေဟာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ကလည်း နိုဝင်ဘာ ၇ ရက်မှာ ကျရောက်မယ့် ကရင်ပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။

Kawt Ma Yan Resort ဟာ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကော့မရမ်းကျေးရွာ၊ ကော့မရမ်းတောင်ခြေရှိ ကွင်းအမှတ် ၁၁၈၉ မှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံသားပိုင် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၉၇၅ သန်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၅,၉၀၀ ရှိပါတယ်။

အပန်းဖြေစခန်းမှာ ဘန်ဂလို ၁၂ လုံးနဲ့ သုံးခန်းတွဲ နှစ်ထပ်အဆောက်အအုံ ၃ လုံး ပါဝင်ပြီး စုစုပေါင်း အခန်း ၃၀ ရှိမှာဖြစ်ပါတယ်။ မြေဧရိယာ ၃ ဒသမ ၃၀ ဧကအနက် ၀ ဒသမ ၉၀ ဧကကို အဆောက်အအုံတွေအတွက် အသုံးပြုထားပြီး ကျန်မြေတွေကို စိုက်ခင်းနဲ့ အပန်းဖြေနေရာတွေအဖြစ် ဖော်ဆောင်ထားပါတယ်။

အပန်းဖြေစခန်းကို လာရောက်သူတွေဟာ လယ်ယာထွန်ယက်ခြင်း၊ သီးနှံစိုက်ပျိုးခြင်းနဲ့ ရိတ်သိမ်းခြင်းတို့ကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်သလို စပါးခင်းတွေကြား အနားယူခြင်း၊ ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ လှေလှော်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီစီမံကိန်းကတစ်ဆင့် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပြီး ဒေသတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ခရီးသွားလုပ်ငန်းအပါအဝင် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးတို့ကို အထောက်အကူပြုနိုင်မယ်လို့ သိရပါတယ်။